စီးပွါးအောင်မြင်ရေး နည်းလမ်း ၄ သွယ်

စီးပွါးအောင်မြင်ရေး နည်းလမ်း ၄ သွယ် လူတိုင်းလူတိုင်း ချမ်းသာချင်ကြတယ်၊ အခုမှ မဟုတ်ပါဘူး၊ ဟိုးရှေးရှေးတုန်းကတည်းကပါ။ မြတ်စွာ ဘုရားလက်ထက် ကောလိယတိုင်း သက္ကရဘတ္တမြို့မှာ ဒီဃဇာနုဆိုတဲ့ပုဂ္ဂိုလ်က မြတ်စွာဘုရားကို ဒီလိုလျှောက်တယ်။ ဒီဘဝမှာ ချမ်းချမ်းသာသာနေချင်ပါတယ်။ အဲ့လိုဖြစ်အောင် လုပ်နိုင်တဲ့နည်းလမ်းများ ရှိပါသလား။ မြတ်စွာဘုရားကလည်း ရှိတယ်လို့ ပြန်ဖြေတယ်။ ဒီဘဝအတွက် ဟိတသုခ အခြေအနေကောင်းတွေနဲ့ ချမ်းသာသုခကို ရစေနိုင်တဲ့အချက် ၄ ချက် ရှိတယ်လို့ ပြန်လည်ဟောကြားတယ်။ အဲ့ဒါကတော့ ၁။ ဥဋ္ဌာနသမ္ပဒါ ၊ ကိုယ်လုပ်တဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ကြိုးကြိုးစား တက်တက်ကြွကြွ လုပ်ကိုင် ရမယ်လို့ အဓိပ္ပါယ်ရတယ်။ ကြိုးစားတိုင်းရသလားဆိုတော့ မရပါဘူးတဲ့။ (က) ဒက္ခ- လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်။ ( ခ ) အနလသ- ဇွဲကောင်းမှု ရှိရမယ်။ မပျင်းရိရဘူး။ ( ဂ ) ဥပါယဝီမံသ - နည်းစနစ် ရှိရမယ်။ ကြိုးစားရုံတခုတည်းနှင့်လည်း လုပ်ငန်းတခု အောင်မြင်မှု မရနိုင်ပါဘူး။ အဲ့ကြိုးစားမှုထဲမှာ အရေးအကြီးဆုံးဖြစ်တဲ့ လုပ်ငန်းကျွမ်းကျင်မှုရယ် ဇွဲကောင်းမှုရယ် နည်းစနစ်ရယ်ကလည်း အရေးကြီးပါတယ်။ ဒါ..လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရားကိုယ်တိုင် စီးပွါးရေးမှာ အောင်မြင်ဖို့ နည်းလမ်းတွေကို ညွန်ပြထားတာပါ။ ၂။ အာရက္ခသမ္ပဒါ - ထိန်းသိမ်းစောင့်ရှောက်မှု ရှိရမယ်။ လောကမှာ ငွေကြေးဥစ္စာတွေနဲ့ ငွေကြေးဘယ်လောက်ပဲရှာနိုင်ပါစေ ထိန်းသိမ်းမှု မရှိဘူးဆိုရင် စီးပွါးဥစ္စာ တိုးတက်သင့်သလောက် မတိုးတက်ဘူး။ အလုပ်လုပ်ပြီး ရလာတဲ့ ပစ္စည်းတွေကို ရေကြောင့် မီးကြောင့် ရန်သူမျိုးငါးပါးကြောင့် မပျက်စီးအောင် အလေအလွင့်မရှိအောင် သေချာ ထိန်းသိမ်းစောင့်ရှောက်မှုကလည်း အရေးကြီးတဲ့ အချက်ပါပဲ။ ၃။ ကလျာဏမိတ္တ - မိတ်ဆွေကောင်းတွေရှိဖို့ လိုပါတယ်။ စီးပွါးရေးနဲ့ ပတ်သက်ပြီး ကိုယ့်ကို အကြံပေးမယ့်ပုဂ္ဂိုလ် ကိုယ်ရဲ့စီးပွါးရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူ အသိပညာရှိတဲ့သူ ကိုယ့်တဖို့ထဲ မကြည့်ပဲ ကိုယ့်ကိုကူညီမယ့်သူ ယုံကြည်ရတဲ့သူ စတဲ့မိတ်ဆွေကောင်းတွေရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒီနေ့ခေတ် စီးပွါးရေးလုပ်ငန်းမှာ အောင်မြင်နေတဲ့သူတိုင်း မိတ်ဆွေကောင်းတွေ ရှိပါတယ်။ ဆရာသမားကောင်းတွေ ရှိပါတယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ပစ္စည်းဥစ္စာတွေ ရလာမယ်၊ ထိန်းထိန်းသိမ်းသိမ်းလည်း ရှိမယ်၊ စုဆောင်းမှုလည်းရှိမယ်၊ ဒါပေမယ့် မိတ်ဆွေကောင်းတွေ မရှိဘူးဆိုရင် အဲဒီပစ္စည်းတွေဟာ သဲထဲရေသွန်သလို အသုံးအဖြုန်းနဲ့ တခါထဲပျက်စီး ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေ စီပွါးရေးလုပ်ငန်းမှာ တိုးတက်ချင်တယ်ဆိုရင် မိတ်ဆွေကောင်းက အရမ်း အရေးကြီးပါတယ်။ ဒါကြောင့်မိတ်ဆွေ အဆိပ်အတောက်လူတွေကို မပေါင်းမိဖို့ လိုပါတယ်။ မိတ်ဆွေရဲ့ ကြိုးစားချင်စိတ် အောင်မြင်ချင်စိတ်တွေကို ဖျက်ဆီးမယ့်သူတွေနဲ့ မပေါင်းသင်းဖို့လည်း အရေးကြီး ပါတယ်။ ၄။ သမဇီဝိတာ - ဝင်ငွေထွက်ငွေမျှတစွာ သုံးစွဲပါ။ သမဇီဝိတာဆိုတဲ့ သဘောက ဝင်ငွေနဲ့ထွက်ငွေကို အမြဲတမ်း ညှိပြီး သုံးစွဲရတဲ့ သဘောပါ။ အဲ့ဒီဝင်ငွေနဲ့ ထွက်ငွေကို မျှတအောင် စီမံခန့်ခွဲမှု မပြုဘူးဆိုရင် မိတ်ဆွေရဲ့ စီးပွါးရေးတိုးတက်ဖို့ မလွယ်ကူပါဘူး။ ဒါ..မြတ်စွာဘုရားက နှစ်ပေါင်း ၂၅၀၀ ကျော်က ဟောကြားခဲ့တဲ့ တရားပါ။ ဒီကနေ့ခေတ်အထိလည်း အသုံးဝင်ပါတယ်။ ကိုယ့်စီးပွါးရေးမှာ အောင်မြင်ချင်တယ်ဆိုရင် ၁။ ကြိုးစားအားထုတ်မှု ရှိရမယ်။ ၂။ အလေအလွင့် မရှိအောင် ထိန်းသိမ်းရမယ်။ ၃။ မိတ်ကောင်းဆွေကောင်း ရှိရမယ်။ ၄။ ဝင်ငွေနဲ့ ထွက်ငွေကို မျှမျှတတ သုံးစွဲရမယ်။ @Blogger @Nickey Moe or @မိုး ဆရာ ကိုလတ်၏ တော်ကီများကို ရေးသားထားသည်။

Comments